ဘလော့ဂ်ဂါလေးတို့ နေတဲ့ရွာ (၂)

ကျွန်တော် အတွေးများစွာနှင့်လျှောက်လာရင်း ကင်းတဲနားဆီသို့ရောက်လာ၏။
ဟော.. ..ကင်းတဲပေါ်မှာ ဟိုနှစ်ကောင်ရှိနေပုံရတယ်။ အသံတွေကြားနေရတယ်။
ချက်ချင်းကိုယ်ရောင်မပြသေးပဲ ကင်းတဲနဘေးမှ အသာရပ်နားထောင်နေလိုက်သည်။
“မင်းကလည်း ငါ့ဘကြီးဆိုရင်လှေပေါ်ကနေ ဘာမှမပါပဲရေထဲခုန်ချပြ ခဲ့ဖူးတာကွ
သတ္တိရှိတဲ့နေရာမှာတော့ မပြောနဲ့ဟေ့ကောင်”
“ဟင်.. ဟုတ်လား ရေကအနက်ကြီးလားဟ”
“ရင်စို့ လောက်တောင်ရှိတယ်လို့ ပြောတယ် ဗီလိန် ရ”
“အေး ငါ့ဘကြီးလည်း သတ္တိကောင်းတာပဲကွ မင်းကလည်း တောထဲသွားတိုင်း …
ကျားအမြီးတွေဖျက်ဖျက်လာတာ ..”
“ဟင်… အမြီးဖျက်တယ်…. ဟာ … ဒါမလွယ်တဲ့ကိစ္စပဲကွ ခေါင်းကိုဖျက်ရင်
ကျားကဘာမှပြန်လုပ်လို့မရတော့ဘူးလေ… အမြီးဖျက်တော့ ပြန်ကိုက်လို့ရသေးတယ်
မင်းတို့ဘကြီးလည်း တော်တော်သတ္တိကောင်းတာပဲနော်… ”
“ဒါပေါ့ကွ… ဒါပေမယ့် သူအမြီးကို ဖျက်တဲ့အချိန်မှာ ကျားကြီးက ခေါင်းမရှိတော့ဘူးတဲ့ သူများ
ဖျက်သွားတာတဲ့…”
“ဘာပဲဖြစ်ဖြစ် မင်းဘကြီးရော ငါ့ဘကြီးရော သတ္တိရှင်တွေပဲ ဟေ့ကောင်”
“ဒါပေါ့ဟ….”
အမယ် ငပု ( ပုလုကွေး) နဲ့ ဗီလိန် အတိုင်အဖေါက် ညီညီတွယ်နေကြပါလားဟ…။ မသိမသာလေး
ဝင်လိုက်အုံး မှ……..
“ဝါးးးးး………….”
“ဟ …ဟ..…… ပလုပ်တုတ်… ဟန်ဂျီအင်း ငါနဲ့ငြား….ကလေး နှစ်ယောက်ဖွား”
ကျွန်တော် ချောက်လိုက်သော ကြောင့် နှစ်ယောက်သား ထ ရောင်လိုက်ကြချင်း ဖြစ်သည်။
“ဟာ……. ငပေါ… အဲလေ ငညံ့…. မင်းပြန်လာတယ်..”
ငပုက ဦးဦးဖျားမေးသည်။ ဗီလိန်ကတော့ ဟန်ဂျီအင်း နှင့် ညားနေတုန်းထင်၏။
ကျွန်တော်လည်း ကျောပိုးအိတ်အား ကင်းတဲပေါ်ပစ်ချရင်း ၄င်းတို့ နှစ်ယောက်ကြားသို့
ဝင်ထိုင်လိုက်သည်။
“ဝမ်းသာတယ် ငညံ့ရာ…. မင်းရှိတော့ ငါတို့လည်း ကဲရတာအားရှိတာပေါ့ကွ.. အခုတောင်
ငါတို့ ရွာအပြင် ချောင်းထဲမှာ Download သွားချမလို့ကွ”
“ဘာရယ်…”
“ငါသွားဖမ်းမလို့ ကွာ.. မြို့ကပြန်လာပီး ဒီစကားတောင် နားမလည်ဘူးလား မင်းကလည်း”
“အော်…. အေး အေး ငါနားကြားလွဲသလားလို့ပါ….”
ကျွန်တော်လည်း ဝင်ဖောလိုက်ရသည်။
“အမှန်ဆို ကာလာသားခေါင်း ကိုမိုးပြေးတို့ အိမ်နောက်က ကန်ထဲမှာဆို ငါးတွေအများကြီးကွ
သူက Password တွေခံထားလို့ ဒေါင်းရတာ သိပ်အဆင်မပြေဘူး ..”
“ဟင်…. ဘယ်လိုပက်စ်ဝက်ခံထားတာလဲဟ..”
“ဆူးခြုံတွေချ ထားတာကိုပြောတာကွာ…” ဟု ငပုက ဝင်ရောက်ဖြေရှင်းပေး၏။
ကျွန်တော်လည်း ဘာတွေဆက်ပြောရမှန်းမသိ…။ စကားလမ်း လွှဲသောအနေဖြင့် ဂုဂု ( megumi)တို့ မက်မက်( Dream ) တို့နဲ့တွေခဲ့တဲ့အကြောင်း အားပြောလိုက်သည်။
ဗီလိန်က ချက်ချင်းပင်….
“ဟုတ်တယ် သူတို့ ပါတီပွဲသွားကြတာကွ အမကြီး ဝါဝါခိုင်မင်း ကလည်း ခေါ်ထားလို့…
လူတွေကို ပေးတဲ့ ပါတီတော့ မဟုတ်ဖူးကွ နတ်တွေကို ပေးတာ နတ်ကနား
ကတာကွာ….နတ်ပေါင်း ၁၁၆ ပါးဆိုလားပဲ”
“ဟင်… ၁၁၁ ပါးပဲကြားဖူးပါတယ်ကွာ… အတွင်း ၃၇မင်း၊ အပြင် ၃၇ မင်း၊ အရံ ၃၇မင်းလေ…. အားလုံးပေါင်းတော့ ၁၁၁ ပါးလေ…အရံတွေ ဒီလောက်များနေတာတောင် ဘယ်နတ်တွေထပ်တိုးလာပြန်တာလဲဟ…”
ပုလုကွေးက ကျွန်တော့် မေးခွန်းကို ဖြေရှင်းရန် ဟန်ပြင်လိုက်ပြီး…
“အော….. မင်းလည်း ဗဟုသုတ အတော် နဲတာပဲကွ… မြို့မှာနေပီး”
“မင်းတို့ကလည်းကွာ ငါ့ကို မြို့မှာနေပီး…. မြို့မှာနေပီး လို့ ခဏခဏလှောင်မနေပါနဲ့”
ငပုကပဲ သူ့စကား သူပြန်ဆက်သည်…
“နတ်ငါးပါးတိုးလာတယ်လေကွာ… အင်တာနတ်ရယ်၊ ပလန်နတ်ရယ်၊ ပုဂံနတ်ရယ်၊
ဂျေဒိုးနတ်ရယ်၊ပီးတော့ ဒေါ့နတ် ရယ်လေကွာ…. အားလုံးပေါင်းတော့ ၁၁၆ပါးဖြစ်သွားပီကွ…”
“အဲဒါ မဝါဝါခိုင်မင်းတို့အိမ်မှာ နတ်မှန်သမျှအကုန် ပျော်ပွဲပေးတာ …ပါတီပေးတာလေကွာ..
ဂုဂုတို့ မက်မက်တို့ကလည်း … အဲဒီအိမ်မှာ အမြဲသွားကစားနေကြဆိုတော့ … သူတို့ကို အဓိကဖိတ်တာပေါ့ကွာ နောက်ပီး ချဲဂဏန်လေး ဘာလေးများရမလားလို့ ပေါ့….”
ဗီလိန်နှင့် ငပုက ကျွန်တော့်ကို ရွာအကြောင်းတွေအလှည့်ကျ ပြောပြနေကြသည်။
ကျွန်တော်လည်း ဆံပင်များပင် ထောင်လာမတတ် အံ့သြခြင်းများစွာဖြင့် ….
“မင်းမသိလို့နော် သူတို့အဖွဲ့က ရွာမှာအတော်ကဲဟ…. နေရာတကာ ပါတယ်ဟေ့ကောင်.. ငါတို့တွေထက်ဆိုးတယ် အခုမင်းနဲ့တွေ့ခဲ့ တာ မက်မက်နဲ့ ဂုဂု နှစ်ယောက်ထဲမဟုတ်လား…”
“အေးလေ…”ဟု ကျွန်တော် စကားထောက်ပေးလိုက်သည်။ ဗီလိန်ကပင် ဆက်၍…။
“အေး နှင်းလေး( ဒိဇင်ဘာနှင်း)တို့၊ မီးငယ် တို့ ရောင်ပြန် တို့ လည်းတဖွဲ့ထဲတွေက သူတို့အားလုံး ဆုံမိပီဆိုရင် မလွယ်ဖူးမှတ်…. ဒါပေမယ့် မီးငယ်ကတော့ အခုရက် အပြင်မှာသိပ်မတွေ့ဘူး….. ”
ထိုစကားဆုံးသည်နှင့် ငပုက….
“ဘယ်တွေ့မလဲကွ… ပီးခဲ့တဲ့သီတင်းကျွတ်မှာလေ သူ ဗျောက်အိုးတွေလိုက်ဖောက်တာ …
အိမ်တကာ့အိမ်ပဲ…. ရွာထဲကလူတွေလည်း သူ့ကြောင့်ဲ တလန့်လန့် နဲ့ အိမ်အောက်တွေ လိုက်ပစ်ထည့်တာကိုးကွ…. ”
“ဟင်… အခုသူ့ကိုလူကြီးတွေက ဆူထားလို့လား…”
“မဆူဘူးကွ… သူ့ဟာသူဖြစ်တာ … ကိုမိုးသောက် တို့ အိမ်အောက်ကို
သွားဖောက်တဲ့နေ့ကကွာ…အဲဒါ ကိုမိုးသောက်ကြီး အိမ်ပေါ်က ဆင်းလာတာ သူမမြင်ဖူးကွ… ဟော မြင်လည်း မြင်ရော ဝမ်းသာအားရနဲ့ လှမ်းပြစ်လိုက်တာ…. ဗျောက်အိုး မဟုတ်ပဲ မီးခြစ်ဖြစ်သွားတယ်လေ… ဗျောက်အိုးက သူ့လက်ထဲ ကိုင်ထားတာ…….. ဟား…… ဟားးးးး ဟားးးး”
ပုလုကွေး စကားကြောင့်ကျွန်တော်တို့ တဝါးဝါးရယ်လိုက်ကြရင်း….
“ဒါတင်မကသေးဘူး ငညံ့…. အခုသူတို့ အဖွဲ့ကို ရွားဦးကျောင်းက ကွမ်းတောင်၊
ပန်းတောင်ကိုင်ခွင့် တစ်ရာသီပါမစ်ပိတ်ထားတယ်…”
“ဟင်…. ဘာလို့လဲ ဟ….”
ကျွန်တော်လည်း နဝေတိမ်တောင်နိုင်စွာ လိုက်မေးနေရသည်..။
ဗီလိန်ကပင်ဆက်၍……
“ဘာဖြစ်ရမလဲကွ အခုသူတို့ကအရင်လိုမဟုတ်တော့ဘူးလေ…လှချင်ပချင်လာကြပီ.. အသစ်အဆန်းမှန်သမျှသူ့ထက်ငါ ဝယ်ဝတ်နေကြပီ.. အဲဒီမှာ ဒေါက်ဖိနပ် ပြဿနာကြောင့်ပေါ့ကွာ သူ့တို့အဖွဲ့ အလှူတွေရောက်ရင် ဒေါက်ဖိနပ် တစ်လွှားလွှား နဲ့… ရွာလမ်းနဲ့ ဒေါက်ဖိနပ်နဲ့ ဘာဆိုင်လို့လဲကွာ…. အဲဒီမှာ ချော်တွေလဲကျရောပေါ့.. ”
“အန်….. အဲလိုတွေ ဖြစ်တာလားဟ….”
“အေး … ဟုတ်တယ် တစ်ခါလည်းမဟုတ် နှစ်ခါလည်း မဟုတ် ဆိုတော့
ဘုန်းကြီးကျောင်းက ကွမ်းတောင် ပန်းတောင်တွေ ကုန်သလောက်နီးပါး
ပျက်စီးကုန်ရောကွာ.. အဲဒါကြောင့် ဆရာတော်က သူတို့ကို ဒဏ်ပေးတဲ့အနေနဲ့
ဒီနှစ်ဘယ်အလှူမှ ကွမ်းတောင် ပန်းတောင်ကိုင် လို့မရတော့ ဘူးလို့ပြောထားတာ ”
သတင်းတွေကလည်း ထူးပါ့….
“နေပါဦးကွ….. ဒီကိစ္စက အလှူရှင်နဲ့ အဆင်ပြေရင် ပီးတာပဲဟာ… ”
“ဟာ… မင်းကလည်း အလှူရှင်ဆိုတာက User အဆင့်ပဲရှိတာလေ၊ ရွာဦးကျောင်းဆရာတော် က Admin လေကွာ ဘယ်ရပါ့မလဲ…”
“ဟေ…..”
“ဟေ…လုပ်မနေနဲ့ ငညံ့…. မင်းမရှိတဲ့ နောက်ပိုင်း ရွာကအကြောင်းတွေ ပြောရမယ်ဆိုရင်ဒီနေ့ ငါတို့ အိမ်ပြန်ရောက်မှာတောင် မဟုတ်ဖူးကွ…. ဟိုနေ့က ငါ အမကြီး ဝါဝါခိုင်မင်းနဲ့ တွေ့သေးတယ်”
“ဟာ… အဲဒါထူးဆန်းလားဟ.. မင်းကလည်း”
ပုလုကွေး စကားအား ဗီလိန် ဝင်ညှပ်လိုက်ခြင်းဖြစ်သည်။
“အေး ထူးဆန်းတာရှိလို့ ပြောတာပေါ့ကွ…. မင်းကလည်း ငါ့အထင် ဟိုလိုကွာ ခြောက်ကြိုး ဆိုလား…. ဆယ့်နှစ်ကြိုး ဆိုလား…..”
“ဟာကွာ….. မဖြစ်နိုင်တာ…သူဂစ်တာတီးတာ ငါတစ်ခါမှမမြင်ဖူးပါဘူးကွ…”
“ဗီလိန် မင်းကလည်း ငါပြောတာ အဲဒါ မဟုတ်ဖူးလေကွာ…”
သူတို့ နှစ်ယောက်ထဲ ခွပ်နေကြ၍စကားလမ်းကြောင်းပေါ် မရောက်ဖြစ်နေလေသည်။ ငပုကပင် ဆက်၍။
“အဲဒီလို သူနဲ့ ..လမ်းမှာတွေတော့ …. အမကြီး ဘယ်ကပြန်လာတာလဲ..
ဘာလဲ ၊ ညာလဲပေါ့ကွာ… ပြုံးပြုံးလေးပဲ နှုတ်ဆက်လိုက်တာပါကွာ… အဲဒါကို သူက
ဘာပြောသွားတယ်မှတ်လဲ…”
“အေး…. ဘာပြောသွားလို့လဲ….ဟ”
ကျွန်တော် စိတ်ဝင်တစားမေးလိုက်မိ၏။
“ဟဲ့… မောင်လေး ငပု….. နင့်ညာဘက်အံသွား နောက်ဆုံးတစ်ချောင်းက
ပိုးစားနေပါလားတဲ့… မပေါ့နဲ့နော်တဲ့…. လူတစ်ယောကအတွက် သွားဆိုတာလည်း အရေးကြီး တယ်တဲ့”
“ဟာ မင်းဟာကလည်း အဲဒါထူးဆန်း လားဟ….. ”
“အော် မင်းကလည်း သူ့ကို ငါက သွားပေါ်အောင်တောင် ပြုံးပြတာမဟုတ်ပဲ….
ငါ့အံသွားအကြောင်း သူဘယ်လိုသိသွားတာလဲ အဲဒါက ထူးဆန်းတာလေ…”


( ဆက်ပါဦးမည်…. )






ဘလော့ဂ်ဂါလေးတို့ နေတဲ့ရွာ

Photobucket

တစ်နေ့သ၌ ထိုနေ့သည် နံနက်မိုးလင်းနှင့် ညမိုးချုပ်ကြားတွင်ရှိလေသည်။ လှိုင်သာယာမီးခွက်ဈေးတွင် မီးခွက်ထက် ဖယောင်းတိုင်အရောင်းသွက်နေရခြင်းအား ရွှေပြည်သာ မြို့လ္ဘက်ရည်ဆိုင်တွင် အကြွေးအားပေးရင်း ကျွန်တော် စဉ်းစားခဲ့ဖူးသည်။ စပယ်ယာတိုင်းလိုလို ကွမ်းစားကြသည်။ သူ့ပုံသေနည်းနှင့် သူလည်ပတ်နေသောလောကကြီးတွင် ပင်ဂွင်းငှက်လေးတော့ မပျံသန်းတတ်ရှာပေ။ Mr Bean နှင့် Juliet တို့သာ ချစ်သူတွေဖြစ်ခဲ့ရင် ဟူသော အတွေးဖြင့်ရွာအပြင် ထန်းပင်ကြီးအောက်တွင် ကျွန်တော်တို့ ပဲကြီးလှော်ကောက်စားခဲ့ကြသည်။ Rapper တို့၏ လက်တစ်ဖတ်သည် လေဖျက်ထားသကဲ့သို့ ရှိ၏။ မည်သို့ဆိုစေ မြို့ကြီးပြကြီး၏ ပြောင်းလဲ တိုးတက်မှုများနောက်တွင် ကျွန်တော်လိုက်မမှီနိုင်ခဲ့ ။ တစ်နေ့ထက်တစ်နေ့ ပြောင်းလဲနေသော ခေတ်ရေစီးကြောင်း မှကျွန်တော် ကျန်မှန်းမသိ ကျန်နေ ခဲ့ရသည်။ သည်ကြားထဲ ချစ်ရပါသော သူငယ်ချင်းလေးကလည်း လက်မခံ…. အင်းလေ တောသားဆိုတော့လည်း နဲနဲတော့ မျက်နှာငယ်ရတာပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်ကို အမြဲမျှော်နေမည်ဖြစ်သော ကျွန်တော့် မွေးရပ်မြေရွာလေး ရှိသေးသည်။ ဘယ်အချိန်ပြန်ပြန် ကျွန်တော့်အား ကြိုလင့်နေကြမည့် သူငယ်ချင်းတွေလည်း ရှိသေးသည်။ မာယာတွေ များလွန်းသော မြို့ပြ၊ စကားလုံး တွေ ကြွယ်သော မြို့ပြ၊ အင်တာနတ် မသုံးတတ်လျှင်ပင် အနည်းငယ် အောက်ကျနေသလို ဖြစ်နေသော မြို့ပြနဲ့ နဝေတိမ်တောင် ဖြစ်နေရသော ကျွန်တော် ရွာပြန်တာပဲကောင်းပါလိမ့်မည်။ ကျွန်တော်ရွာ ပြန်တော့မည်… အပြာရောင် ကျောပိုးအိတ်ထဲသို့ ဒဏ်ရာ အဟောင်းလေးများထည့်ရင်း……. မြို့ပြကြီးကို နှုတ်ဆက်လိုက်သည်။

“အော…. ပြောရင်း ဆိုရင်းနဲ့ ရွာနားတောင်ရောက်လာပါပေါ့……..ဟင် ….. ရွာအဝင် ကုက္ကိုပင်ကြီးအောက်မှာ စာဥပါလား…. ငါ့ကို စောင့်နေတာများလား ငါပြန်လာတာရော သူသိပါ့မလား… သနားစရာကောင်းလိုက်တာ”
စာဥလေး ကိုကြည့်ရင်း ကျွန်တော်စိတ်ထဲမကောင်း …..သနားလာမိသည်။ ထို့ကြောင့် ကုက္ကိုပင်ကြီးပေါ်တက်၍ စာသိုက်ထဲသို့ ပြန်ထည့်ထားလိုက်သည်။ခဏတဖြုတ်အနား ယူပြီးသည့်နောက် ရွာထဲဝင်ရန် ရင်ခုန်စွာ ခြေလှမ်းများစတင်လိုက်သည်။
ဟော ..ရွာအစပ် သရက်ပင်နားမှာ နှဲမှုတ်သံကြားနေရပါလားဟ..။ ဘယ်သူပါလိမ့်။ ကျွန်တော်အကဲ ခတ်ကြည့်လိုက်တော့ သရက်ပင် ကြီးအောက်မှာဗျာ…. နှဲမှုတ်နေသူက သူငယ်ချင်း ရဲလေး ပေါ့။ ကျွန်တော့်ကို မြင်သွားတော့ ဝမ်းသာအားရ နဲ့….
“ဟာ….. သူငယ်ချင်း မင်းရွာကိုပြန်လာတယ် .. ဝမ်းသာလိုက်တာကွာ… ဟိုကောင်တွေ သိရင်လည်း အရမ်းပျော်မှာကွ….. မင်းလည်းရွာက ထွက်သွားတာကြာပီပဲနော်။”
“အေးကွာ ငါပြန်လာတာ…… ငါမြို့မှာမနေချင်တော့လို့ ရွာမှာပဲမင်းတို့တွေနဲ့အတူ ပျော်ပျော်ပါးပါး ပြန်နေမလို့ …… မြို့မှာအခုဆိုရင် အင်တာနတ်တွေ ၊ ဝက်ဆိုဒ်တွေ ၊ ဆော့ဝဲတွေ ၊ ဟက်ဝဲတွေ ….. ဆုံလို့ကွာ လိုက်မမှီတော့ဘူး…”
“အော…… ဟုတ်လား”
“အေး သူငယ်ချင်း…. ဒါနဲ့ မင်းက ဒီမှာ နှဲတစ်လက်နဲ့ ဘာလုပ်နေတာလဲဟ”
“ဟာ မင်းကလည်း…… နွားကျောင်းနေတာလေ”
“အော…. မင်းနွားတွေက ကျောင်းမပီးသေးဘူးပေါ့”
“နောက်ဆုံးနှစ်ဆိုပါတော့ကွာ တဖုန်းဖုန်းကျနေလို့ အခုပြန်ကျောင်းနေရတာ့”
“နေပါအုံး အရင်တုန်းကနွားကျောင်းသလို ပလွေ မမှုတ်ပဲ ဘာလို့ နှဲ မှုတ်ရတာလဲဟ”
“ငါစကားပုံတစ်ခု ဖတ်ဖူးတယ်ကွ သူများနဲ့ ဆန့်ကျင်နေထိုင်တဲ့သူဟာ… ပေါ်လွင်ထင်ရှားတယ် ချမ်းသာရာရ မယ်တဲ့….. ဒီရွာမှာဆိုရင် ငါနဲ့ ..ဗီလိန်နဲ့ နှစ်ယောက်က အဲဒီ့အကျင့်ကို ကျင့်နေတာ…. ဗီလိန်ဆိုရင် လူတွေကို ဂွတွေကြီးလိုက် ပြောနေတာဟ..”
“အော…. ဟုတ်လား ”
ရွာက သူငယ်ချင်းတွေ ဘယ်လောက်ထိပြောင်းလဲကုန်ပီလဲ။ ကျွန်တော်သိချင်လာမိသည်။ “အေးကွာ နောက်မှအေးအေး ဆေးဆေး တွေ့မယ် ငါရွာထဲ ဝင်တော့မယ်…. သူငယ်ချင်းတွေ နဲ့ တွေ့ချင်လာပီကွ”
“အေး အေး … သူငယ်ချင်း ဟိုဘက်နား မှာ ကိုလွမ်းဝေကြီးတောင် သူ့ပဲခင်းမီရှိှု့နေတယ်ကွလှမ်းနှုတ်ဆက်လိုက်အုံးလေ….”
ရဲလေး ညွှန်ပြရာသို့ ကျွန်တော်လှမ်းကြည့်လိုက်တော့ ကိုလွမ်းဝေတစ်ယောက် ကုတ်ကုတ် ... ကုတ်ကုတ်နှင့် အလုပ်ရှုပ်နေသည်ကိုတွေ့လိုက်ရသည်။ သိပ်မဝေးသဖြင့် သူရှိရာသို့ လျှောက်သွားလိုက်သည်။
“ဟေးးး……. ကိုလွမ်းဝေကြီး ဘာလို့လဲဗျ ပဲခင်းကိုမီးရှို့နေတာ”
“ဟာ ငညံ့ မင်းရွာပြန်လာတာလား…. ဝမ်းသာတယ်ကွာ …ဒီမှာကွ ငါ့ပဲခင်း ဗိုင်းရပ် ဝင်ကိုက်နေလို့ … အဲဒါ format ပြန်ချနေတာ…..”
“ဗျာ”
“မဗျာနဲ့ ဟေ့ကောင် ဒီမှာ ရွှေခြင်သေ့ ကလည်း အိုးဗားရှင်းကြီး ဖြစ်နေလို့ မရတော့ဘူး အဲဒါကြောင့် ဒီနည်းလေးနဲ့ဖြေရှင်းလိုက်တာ ပြီးရောပေါ့…. နောက်နေ့မှ Install ပြန်လုပ်ဖို့ မျိုးစေ့တောင် ဝယ်ထားပီးပီကွ”
“ဗျာ”
“မင်းကလည်း တဗျာဗျာ နဲ့ ဘာဖြစ်နေတာလဲကွ ….. ”
“အော် ဟုတ်ကဲ့ ဟုတ်ကဲ့”
ကျွန်တော် ဘာတွေဆက်ပြောရမှန်းမသိတော့ တစ်ခုခုတော့လွဲနေလိမ့်မည် ထင်သည်….ထိုတစ်ခုခုသည် ဘာမှန်းတော့မသိ လွဲနေတာတော့ သေချာသည်။ ကိုလွမ်းဝေကြီး တစ်ယောက် မူမမှန်တာတော့ သေချာသည်။သူ့ကို အမြန်ဆုံးနှုတ်ဆက်၍ ရွာထဲသို့ ဝင်လာခဲ့လိုက်သည်။ ကိုယ့်အတွေးနှင့်ကို လျှောက်လာရင်း……
“ဂလက်……. ဂလက်…” ဘဲလ်ကပ်နေသံဖြစ်သည်။ မည်သို့ဆိုစေ ဆက်ဘီးတစ်စီးတော့ အနောက်ဘက်မှ လမ်းတောင်း နေပြီ။ လမ်းဘေးသို့ အနည်းငယ်ရှောင်ရင်း လှည့်ကြည့်လိုက်တော့
“ဟာ….. ဟဲ့”
“ဟယ်….. နင် ငညံ့မဟုတ်လား….”
“အေး….. ငါပေါ့ဟ… နင်တို့ ဘယ်သွားကြမလို့လဲ”
ဘယ်သူတွေမှ မဟုတ်ပါ ….. မက်မက် ( dream) နဲ့ ဂုဂု ( megumi ) တို့ နှစ်ယောက်ဖြစ်သည်။ သူတို့တွေ အတော်ပြောင်းလဲနေပြီပဲ…။ အရင် ပုံစံနှင့် လုံးဝမတူတော့။ အရင်က သနပ်ခါး ဘေးကြားနဲ့ လုံချည်ဘိုသည်ဘက်သည် ဝတ်ပီး ရွာရိုးကိုးပေါက် လျှောက်ကစား နေသောပုံမဟုတ်ကြတော့။ ပြောင်းလဲနေကြပြီ…။ စကတ်တိုတို နဲ့ မျက်နှာမှာလည်း မိတ်ကပ်တွေလိမ်းထား၊ မျက်လုံး၊မျက်ခုံးများလည်း အရောင်လက်နေ၏။….. ဘာပဲဖြစ်ဖြစ် ငယ်သူငယ်ချင်းတွေနဲ့ ပြန်တွေ့ရတော့ ဝမ်းသာမိသည်။နှစ်ယောက်စလုံး စက်ဘီးပေါ်မှ ဆင်းရင်းကျွန်တော့်ကို ဝမ်းသာအားရ ( ပြေးမဖတ်ကြပါ.. )စကားတွေပြောရန် ဟန်ပြင်နေကြသည်။
“ငညံ့ နင်မြို့မှာအနေကြာသွားလို့လား မသိဘူး အသားတွေဖြူလို့ ဝလာလိုက်တာ ငါတို့လည်း နင့်ကို သတိရနေပါတယ်ဟ… နင် ရွာမှာရှိတုန်းကဆို ငါတို့ညည ကောင်းကောင်းမအိပ်ရ ဘူးလေ”
“ဘာစကားလည်း နင့်ဟာက …..”
“အော် နင်ကလည်း နင်ရွာမှာနေတုန်းကဆိုရင် ညဖက်ဆို နင်က ရွာ ကင်းအမြဲစောင့်ရတယ်လေ.. တစ်နာရီတစ်ခါ သံချောင်း ထထခေါက်နေတော့ ငါတို့ လန့်လန့်နိုးတယ် ဒါကိုပြောတာပါ”
မက်မက်က ပြောရင်းနဲ့ ဂုဂုကို မေးငေါ့၍ ဟုတ်တယ်ဟုတ် ဆိုသော စကားအကူခေါ်သည်။ ဂုဂုကလည်း……
“အေးလေ… နင်မရှိတဲ့ နောက်ပိုင်း ဟိုကောင်တွေ ကင်းဆက်စောင့်ရတယ်ဟ ဗီလိန်နဲ့ ပုလုကွေးတို့လေ… ဒါပေမယ့် ညည့်နက်ရင် သူတို့က အိပ်တာ…. မနက်ခင်း ရွာဦးကျောင်းက ကိုရင်လေးတွေ ဆွမ်းခံကြွတော့ မှ သူတို့ကို နှိုးလွှတ်ရတာ..”
“ဟင် ..အဲလိုကြီးလား.. နေပါအုံး …. နင်တို့က အခုဘယ်လိုပုံစံတွေ ဖြစ်နေကြတာလဲ”
“ဘာကို ပြောတာလဲ” ဟု ကျွန်တော့်ကို ပြိုင်တူမေးကြသည်။ ကျွန်တော်ကလည်း ချက်ချင်း မေးငေါ့ ပြလိုက်တော့မှ….
“အော ဒါလား…. ဒါကိုရီးယားစတိုင်လေဟာ… နင်ကလည်း မြို့မှာနေပီး ဝေးလိုက်တာ..”
“အော် ..... အေး ဂလိုလား.. ဒါနဲ့ နှင်းလေး တစ်ယောက်ရော ဘာတွေလုပ်နေလဲဟ…. မုန့်ဟင်း ခါးဆိုင် မသိမ်း သေးဘူးလား”
“အေး သူကပီးမှလိုက်လာခဲ့လိမ့်မယ် တဲ့…. အခုသူ မုန့်ဟင်းခါး မရောင်းတော့ဘူးသိလား… ကင်ဂျီ ပြောင်းရောင်းနေတယ် တော်တော် ရောင်းကောင်းတယ်ဟ ဘေးရွာတွေကတောင် လာဝယ်စားကြတာ..”
“အန်…ကင်ဂျီ ပြောင်းရောင်းနေတယ်”
“အေးလေ… ဘာဖြစ်နေတာလဲဟ နင်ကလဲ မျက်လုံးပြူးမျက်စံပြူးနဲ့….”
“အော ဘာမှမဖြစ်ပါဘူး ငါ…. ရွာများ မှားဝင်လာသလားလို့ ….. မဟုတ်သေးပါဘူး…ဟုတ်ပါတယ်… နင်တို့က ငါ့သူငယ်ချင်းအစစ်တွေပဲဟာ.. နင်တို့က အခု ဒါ ဘယ်သွားကြမလို့လဲ”
“ပါတီသွားမလို့လေ…… နင်သိတယ်မဟုတ်လား ရွာမြောက်ပိုင်းက မဝါဝါခိုင်းမင်း တို့အိမ်မှာ”
“ဟာ နင်တို့ကလည်း ဒီအချိန်ကြီး ပါတီ လုပ်လို့လား….”
“ အော …. ဒီအချိန်ပါတီ မလုပ်ရဘူးလို့ ဘယ်သူပြောထားလို့လဲ နော်…”
“အော…အေးပါ…အေးပါ။ နင်တို့ကလည်း အခုမှ ပြန်တွေ့ကြတာ ……ငါကများ မြို့အကြောင်းလေးဘာလေး ကြွားရမလား လို့ ငါ့ကိုဝိုင်းနှိပ်ကွပ်နေကြတယ်”
“အော် မဟုတ်ပါဘူးဟာ… အရင်တုန်းကလည်း ဒီလိုပဲပြောနေကြပဲဟာ ….. နင့်ကိုကြိုပြေပြထားအုံးမယ် ငါတို့ ရွာမှာ ကိုယ်ကာယ အလှပြသင်တန်းတစ်ခု ဖွင့်မလို့ဟ ငါနဲ့ ဂွိဂွိ နဲ့လေ”
“…. ဒီရွာမှာ။ ဘာလဲ အေရိုးဘစ်ဆိုတာလား”
“မဟုတ်ဖူးဟ ဘီရိုးဘစ်…. အေရိုးဘစ်က ရိုးသွားပီလေ ဘီရိုးဘစ်ဖွင့်မှာ …. ဒါမှ အဆင်မပြေရင် စီရိုးဘစ်တို့ …. ဒီရိုးဘစ်တို့ပါ ရှိသေးတယ်…. ဟဲ ဟဲ”
ကျွန်တော် အိပ်မက်မက်နေသည်လား…. ရွာကိုရောတစ်ကယ်ပြန်ရောက်တာလား…
“ဟဲ့…. ငါတို့သွားတော့မယ်… နောက်မှပဲ အေးအေး ဆေးဆေးတွေ့ကြတာပေါ့.. စောစောကတောင် ကင်းတဲမှာ ဗီလိန်နဲ့ ငပု တို့နှစ်ယောက်တွေ့ခဲ့သေးတယ် …. ဒီကောင်တွေ ဘာတိုင် ပင်နေကြတာလဲမသိဘူးဟ… အခုနင်သွားရင် သူတို့ကို မှီနိုင်သေးတယ်…”
မက်မက်နှင့် ဂုဂု တို့နှစ်ယောက် ကျွန်တော့်ကို ပြောပြောဆိုဆိုနှင့်ထွက်သွားကြသည်….. ဂျပန်ဘီးအား ကိုရီးယားလို စီးသွားကြလေသည်..။ တစ်ခုခုတော့လွဲ နေပြန်ပီ…… တစ်ခုခုတော့လွဲနေတာ သေချာသည်။တစ်ခုခု…. ဘာတစ်ခုခုလဲ။

( ဆက်ရပါဦးမည် ရွာထဲမှာ ဘယ်သူတွေနဲ့ထက်တွေ့ပြီး ဘာစကားတွေ ပြောကြအုံးမည်နည်း.. သိချင်ရင်တော့ …. မျှော်ပါလေ)



ကျကွဲသွားတဲ့ ကဗျာ

အဲဒီနေ့က ရုပ်သေးရုပ်ရဲ့
ဂေါင်းချည်ကြိုးတစ်ချောင်းဟာ
'' ထောင်းကနဲ ''မြည်အောင်ပျက်တောက်ခဲ့တယ်။
ဘယ်နတ်ဆိုးတွေ ငါ့ကိုလှန့်နှိုးခဲ့သလဲ
ကောင်းကင်ကိုမော့ကြည့်တိုင်း
ကြယ်တွေကြွေခိုင်းဘို့အတွက်
မဟုတ်ရပါဘူး........
မျက်ရည်တွေထိန်းထားရုံ သက်သက်ပါ
ထိပ်ထားရေ......
ဆောင်းဦးပေါက်ညနေခင်းဆီက
ကြိုးပျက်စွန်ကလေးတွေမြင်ရင်
ငါ့ကိုသတိရချင် ရလိုက်ပါ။
ပူလောင်မှုတွေအထပ်ထပ်ကြမ်းတဲ့
ကန္တာရလမ်းမျိုးထဲပြည်တော်ကိုအလွမ်းထက်
နင့်ကိုပိုပါတယ်။
အိပ်မက်တစ်ခုတဲ့လား........
ငါ့လက်ဖျားမှာ ပြဿဒါးတွေ
ကသီဝေအောင် ပွင့်နေပါစေ.
အချစ်ဟာ ခါး.......ခါး.....လို့မအော်ချင်ဘူး။
မဖြစ်နိုင်ဘူး တဲ့လား.....
ဗေဒင်ဆရာရဲ့နဂါးဂေါင်း
ငါ့ဒိုင်ယာရီဟောင်းဘက်
လှည့်ချင်လှည့်နေပါစေ၊
ဂျစ်ပစီတစ်ယောက်
အိမ်အပြန်နောက်ကျခြင်းတွေနဲ့
ငါ ခပ်ရင့်ရင့် ကြေကွဲပြနေပါ့မယ်၊
ချစ်သူတွေရေးတဲ့ပန်းပရပိုက်မှာတော့လူမိုက်မဖြစ်ချင်ဘူး။
ထားခဲ့ပါ......ထိပ်ထား
ထားခဲ့လိုက်ပါ.......
ခေတ်အဆက်ဆက်က
ကွဲအက်ခဲ့တဲ့ အက္ခရာတွေထဲမှာ
တို့ကျောင်းက ဆွယ်တော်ပင်ကြီးအကြောင်း
ပါကောင်း ပါ ပါလိမ့်မယ်။
ငါ့ကဗျာရဲ့တန်ဖိုး
ငါကိုယ်တိုင်သာရို့ကျိုးပါရစေ
ငါက နာဿ်တဂိုးမဟုတ်ဘူး ။ ။
သွားပါ.....ထိပ်ထား
သွားလိုရာကို သွားပါ.....
နင့်အနာဂတ် တွေကို
ကင်ပွန်းတပ် ပေးဘို့
ငါ့ကိုငါ ဗလာစာအုပ်လို ဆွဲဖြဲ...
လွယ်အိတ်ထဲ အုတ်ခဲထည့်လွယ်ခွင့်တွေနဲ့
ကျောင်းတော် မှာပြန်ပွင့်ချင်မိပါတယ်။
ငါ့ရဲ့ကျရှုံးခန်းကိုတော့
ခဏခဏရစ်မကြည့်နဲ့ပေါ့။
ချစ်သော ထိပ်ထား....
သွားလိုရာကိုသွားပါ.......
ကောင်းကင် ရဲ့အလင်းမှာ
ကြယ်သီချင်းတွေဆိုပါ
လမ်းပျောက်နေတဲ့ တေလေတစ်ယောက်ကိုတော့
သူ့ကံအလျောက်ထားခဲ့လိုက်ပါ.......။ ။ ။

သူငယ်ချင်းလေး

Photobucket
ဈေးသွားဘို့အဖေါ်
ကျွန်တော့်ကိုခေါ်တယ်။
ကျူရှင်တက်ဖေါ်
ကျွန်တော့်ကိုခေါ်တယ်။
.......................ခေါ်တယ်။
......................ခေါ်တယ်။
ဘော်ဘော်တွေအထင်လွဲ
ကျွန်တော်ဝမ်းမနည်းခဲ့။
စိတ်ကူးယဉ် ဆန်ဆန်၊
မေတ္တာအမှန်အတွက်
ကျွန်တော့်ရဲ့ ပလမ်ပါ.........
''တနေ့တစ်လန်ပုဂံ ဘယ်ရွေ့''
တနေ့တော့တွေ့ ရမယ်လေ။....
ဥစ္စာပေါ ရုပ်ချော၊
အဟုတ်ပြောစရာမရှိတဲ့ ငနဲတစ်ယောက်
တစ်နေ့ကို နှစ်လန်လျှောက်ရင်း
ပုဂံကိုရောက်နေနှင့်ပြီထင်ရဲ့။
ဈေးသွားဘို့ အဖေါ်
ကျွန်တော့်ကိုမခေါ်တော့ဘူး။
ကျူရှင်တက်ဖေါ်
ကျွန်တော့်ကိုမခေါ်ဘူး......
ဘော်ဘော်တွေမသိဘဲ
ဝမ်းနည်းရပေါ့။
အဖြူရောင်လေးပဲ လှပါတယ်.... တဲ့
သူကတော့ ရောင်တွေအစုံ
လှတပတ ဝတ်ရုံကိုခြုံလို့
ကျွန်တော့်ကိုထားသွား…….။
သြော်...........
ဆယ်ကျော်သက် ကဗျာတွေထဲကလို
ပန်းလှလှရဲ့အနား
ပျား၊ ပိတုန်းတွေဝဲမှာပေါ့လေ...
သွား....လာ....စကား.....ရယ်ခြင်းဖွဲ့
သွက်လက်တဲ့ သူငယ်ချင်းလေး
ဝေး.....ဝေး ကလှမ်းမျှော်တဲ့ကျွန်တော်
မခေါ်ဖြစ်ဘူး။ ။

တချိန်တုန်းက တက္ကသိုလ်

ဘာရယ်တော့ မဟုတ်ပါဘူး…… သူငယ်ချင်းတွေအတွက် ကျောင်းသီချင်းလေးတွေ ရသလောက်ရှာ တင်လိုက်တာပါ။

ကျောင်းကိုလွမ်းတဲ့အခါ…….

သူငယ်ချင်းတွေကို လွမ်းတဲ့အခါ……..

ကျောင်းက သူငယ်ချင်းလေးကို လွမ်းတဲ့အခါပေါ့…။

ဒီသီချင်းလေးတွေနားထောင်ရင်း လွမ်းကြလေ။ ( ဟုတ်တယ် ဗျာ… တစ်ခါတစ်ရံ တစ်ခုခုကို လွမ်းနေရတာကိုက တမျိုးအရသာရှိသလိုပဲနော်)။
(၁) ကျောင်းပုံပြင် ( အဝေးကဧည့်ခန်း)

(၂) ကျောင်းသီချင်း (ကဗျာဘွဲ့မှူး)

(၃) တို့သတိရနေမှာပါ (ဖြိုးသီတာသိန်းတန်)

(၄) အလွမ်းရယ် မပြေ (ဆောင်း၊စည်၊ အဲ)

(၅) သီချင်းဧည့်သည် ( အေးချမ်းမေ )

(၆) အဓိပတိလမ်းက ခြေရာများ ( ကဗျာဘွဲ့မှူး )

(၇) ၈၅ မန္တလေးညတမ်းချင်း ( အငဲ )

(၈) ကော်ရုပ်လေး ( ..................)မတိလို့

(၉) သူငယ်ချင်းများစွာ ( စိုင်းစိုင်းခမ်းလှိုင်)

(၁ဝ) အဆောင်သရဲ ( ဂရေဟန် )

(၁၁) မင်းကျောင်းမတက်တဲ့နေ့ ( ဇော်ပိုင် )



နားထောင်ကြပါ..။ ကြိုက်ရင် ကူးယူကြပါ။ အဆင်မပြေရင် အော်သွားကြပါ။

တောင်းပန်စကားဆိုခြင်း

Photobucket
ကျွန်တော့် ဘလော့သို့ရောက်ရှိလာသော သူငယ်ချင်းအပေါင်းတို့….
ထို့ထက်ပို၍ ကျွန်တော် သွားရောက်လည်ပတ်သော နေရာအသီးသီးမှ သူငယ်ချင်းအပေါင်းတို့….။ ကျွန်တော်ဟာ ပျော်ရွှင်မှုများအား ခုံခုံမင်မင် ဖန်တီးနေထိုင်တတ်သော လူငယ်တစ်ယောက် ဖြစ်ပါတယ်…။
အခြေအနေ ပေးနေသ၍ ကျွန်တော် ရယ်စရာ များအားဖန်တီး နေပါအုံးမယ်…။ ဒါပေမယ့် ကျွန်တော်ဟာ ဘလော့လောက သို့ ရောက်လာချိန်နောက်ကျနေခြင်းကြောင့် နည်းပညာပိုင်းအားနည်းမှုနှင့် ဤလောက၏ ယဉ်ကျေးမှု(ဆောင်ရန် ရှောင်ရန် )များအား နားလည်ရန်လိုအပ်နေ သေးသည်ဟု ကိုယ့်ကိုကိုယ် ထင်မြင်မိပါတယ်။ အဲဒါကြောင့် ကျွန်တော့်ရဲ့ စကားလုံးအသုံးအနှုံးများ အပေါ်မှာနားလည်ခွင့်လွှတ်ပေးကြရန် ကြိုတင် ( နောက်မှ ) တောင်းပန်လိုက်ပါတယ်။
သူငယ်ချင်းအားလုံးအပေါ်၌ ခင်မင်ရင်းနှီးလိုမှု ပျော်ရွှင်စေလိုမှု စသောအတွေးများဖြင့် ဤသို့ပြုမူပြောဆိုခဲ့ခြင်းသာဖြစ်ပါတယ်ခင်ည..။
ဥပမာ။ ။ ကျွန်တော်၏ အပြောအဆိုများ……
မမကြယ်စင် ဘလော့၌……
မမကြီးလာလည်တာ….။ အဖေကကျွန်တော့်ကို ဆူတယ်..။ အမေကလည်း ဈေးကပြန်လာတာမုန့်ဝယ်မလာဘူး…။ အဲဒါ လမ်းကြုံရင်တော့ လှည့်ဝင်ခဲ့အုံးနော်။
Dream ဘလော့၌……….
ဟလို…. အဒေါ်လား…. သားပါ။ အင်း သားကျောက်သင်ပုန်းက ကျကွဲသွားတာ။ဟုတ်တယ် မှတ်မှတ်ရရပါပဲ အဲဒီညက ရန်ကုန်မှာ မီးပျက်နေတယ်။ အဲဒါ အဒေါ်ပြန်လာရင်ခဲတံချွန်စက်တစ်လုံးလောက် ဝယ်ခဲ့ပေးနော်။…….. သားမှာကျောက်တံချွန်စရာမရှိလို့..။….
………………….
ရဘူးအဒေါ် ကျောင်းနံရံသားပေါက်သွားတယ် ကျောက်တံကဒီအတိုင်းပဲဗျ။
…………………….
အင်း …. အကိုကြီးမိုးပြေးတောင် ဂျပန်ကို အလည်သွားမလို့လုပ်သေးတယ်.။ ………………………
အင်း…..ရန်ကုန်လေဆိပ်ရောက်မှလမ်းစရိတ်ကုန်သွားလို့တဲ့ မသွားဖြစ်လိုက်ဘူး….။
………………………..
အော…. အဒေါ့်ကိုပြောမလို့ ဟိုတလောက သား စင်္ကာပူကို ရောက်ခဲ့သေးတယ်….. ဆရာတော်လည်းကျန်းကျန်းမာမာပါပဲ။ အဒေါ့်ကိုတောင် မှာလိုက်သေးတယ်။ အနန္တောအနန္တငါးပါးကို မမေ့ဖို့အကြောင်းပါ။ အဲဒါအဒေါ်လည်း မမေ့နဲ့နော် ……. ပြန်လာရင်သူတို့အတွက်လည်း လက်ဆောင်ဝယ်ခဲ့လိုက်ပေါ့။
ရောင်ပြန် ဘလော့၌………..
ရောင်ပြန် ဆယ်စက္ကန့် အခွေထဲမှာ နင်ဆိုထားတာ တစ်ပုဒ်မှ မပါဘူးလို့…. ငါသတင်း အတိအကျ ရထားတယ်…… အဲဒါနင်လည်း ငါ့ဆီမကြာမကြာလာလည်အုံးနော်…။
အဲလိုမျိုးတွေ ကျွန်တော် ရေးလာတတ်ပါတယ်။ တချို့တွေတော့ မမှတ်မိတော့ပါဘူး။ဆိုလိုချင်တာက ကျွန်တော့်အရေး အသား အပြုအမူများအပေါ်မှာ. … အဓိပ္ပါယ် မရှာကြဖို့ နဲ့ ပေါ့ပေါ့ပါးပါး တွေးပီးပြုံးရယ်လိုက်ကြဖို့ပါပဲ..။
ကျေးဂျူးပဲခင်ည။ ။

ဒဂုံတက္ကသိုလ် နှင့်ကျွန်တော်

(ဒီကဗျာလေးကတော့ ကျွန်တော်ကျောင်းမှာ အမှတ်တရ အပျော်ရေးခဲ့တာပါ။ ဒီအတိုင်းလေးပြန်တင်လိုက်ပါတယ်။
ဒီလိုပေါ့ ရယ်စရာတွေကြံဖန် လုပ်ရတာပဲ…..
ဒန့်.....ဒန့်.....ဒန့်)

Distance မို့
ဒို့တတွေ
ဒဂုံမြေမှာ
ဒဿမရက်
Daily တက်ဖို့
ဒရောသောပါး နဲ့
ဒရွတ်တိုက်ဆွဲ
ဒိုင်နာကို
ဒေါင့် အစွန်မှာ တွဲလို့
ဒါဒါတော့ ဘယ်လိုသွားလဲသိဘူး။
ဒိန်းတလိန်းနတ်
Dancer ကသလို
ဒဂုံလမ်းက
ဒန်းစီးရသလိုပေါ့။
ဒွေးလှပြောတဲ့ ခလေက်ရယ်တဲ့………
ဒိုးဒိုးဒေါင်
ဒို့ရွာက
ဒလိမ့်တုံးကြီးတောင် သတိရမိပေါ့။
ဒိုးလျှိုပေါက်
ဒီကိစ္စတွေလည်း
ဒိုင်ယာရီထဲ
ဒိတ်ထားဆဲပေါ့။
ဒါတွေတော့ ထားပါ
ဒါတင် ဘယ်ကမလဲ
ဒိတ်ဒိတ်ကျဲ ပူလိုက်တဲ့နေ
ဒူးရင်းသီးကေနဲ့
ဒိုက်ဦးက
ဒေစီတစ်ယောက်
ဒဿနိကအဆောင်အောက်မှာ
ဒေါက်ဖိနပ်ပေါက် လို့
ဒုက္ခရောက်နေသတဲ့။
ဒင်းတို့ကို
ဒေါင်ထိုင်ဘို့ သွားအခေါ်
ဒုပါချုပ်ကြီးလှမ်းအော်လို့
ဒါပဲနော်။ ။

ပန်းရှစ်ပွင့် ဖန်ဆင်းခြင်း

လက်ပံပင် ဇရက်ကျတာထက်
သွပ်ပြားပေါ် ပဲလှော်ထုတ်ပေါက်ကျသလိုမျိုး
ကျွန်တော်ခပ်ရိုးရိုးလေး အသိပေးချင်တယ်....
လာကြည့်ပါ သာလိကာ ကိုအံတု
ကြီကန်းအိုအတောင်ပံကြိုး
သောကြာသမီးကိုစံချိန်ချိုးမယ့်
ကြက်ရိုးလို့အမည်တွင်နေတဲ့
သေးသေးလွင့်လွင့် ''အေးအေးမြင့်'' ပါမယ်။
တစ်ကိုယ်တည်း
အပျိုကြီးလုပ်ဖို့ကြံရွယ်
မအီမလည် နဲ့
ခဏခဏအလှတွေပြင်နေတတ်တဲ့
မာနကိုသွေဖီ ''တင်အေးကြည် '' ပါမယ်။

ကြားသမျှ
ဟာသပါဆိုပြီးတခွီးခွီးနဲ့
ကြံကြံဖန်ဖန်ခွက်ခွက်လန်အောင်
ရယ်နေတတ်တဲ့
ကိုယ့်ကိုကို သာကလိထိုး''ခိုင်ခိုင်စိုး'' လည်းပါပေါ့။

နောက်ထပ်တစ်ဦး
စက်ရုံမှူးရာထုးကို
လက်ဦးဘို့ကြံရွယ်
လောလောဆယ် အလုပ်လက်မဲ့
ဝမ်းဆက်နဲ့ လမ်းထွက်ဖို့ပြင်ပြင်နေတဲ့
ကျေးဇူးရှင် ''သက်မာလွင် 'လည်းပါသဗျို့။

ဘက်စ်ကားကြီးကြီးတွေစီးတိုင်း
ခြေဖျားထောက်ခိုင်းတဲ့ကံကြမ္မာရဲ့အမိန့်ကတကြောင်း
ယိုင်သွားရင် ဒိုင်စားမယ်ဆိုတဲ့
စပယ်ယာ ရဲ့ကြိမ်းဝါးမှုကတစ်ကြောင်း
အကြောင်းကြောင်းတွေကြောင့်
မနက်မနက်
ချက်ပလက်ကိုသာရွေးရွေးပြီးစီးနေရရှာတဲ့
လူပုစိတ်ရှည်''မိုးမိုးဆွေ ''လည်းပါတယ်။

အခြေအနေပေးရင်ဖြင့်
အမိန့်ရအပေါင်ဆိုင်လေးပင်
ဖွင့်ဖို့ရန်စီစဉ်
မျက်နှာပြင်ချောစုခင်နှင့်ခပ်ဆင်ဆင်တူသည်ဆိုတဲ့
မလည်မ၀ယ် ''ယဉ်ယဉ်သွယ်'' လည်းပါပေါ့။

ရသမျှ လခကိုချွေတာဆုစောင်း
နောက်ကွယ်မှာ ရည်ရွယ်ချက်ကောင်းကောင်းနဲ့
နားညောင်းအောင်စကားလုံးတွေဖန်တီး
ငြီးငြီး ပြနေတတ်တဲ့
ဟို....ဆီးသီးကိုအရည်ညှစ်တဲ့ဆီက
အတုယူစရာ ''ငုဝါ'' လည်းပါသဗျ။

နောက်ဆုံးတစ်ယောက်
စိတ်ကောက်တဲ့အခါ
တမင်တကာ လူမြင်သာအောင်
ဆူစရာမလိုတဲ့
အူတူတူအော်တိုနှုတ်ခမ်းပိုင်ရှင်
ကျောင်းဆရာမ စတိုင်ဖမ်း''သိင်္ဂီစန်း'' လည်းပါသဗျို့။

အကျွန့်ကဗျာ လွန်တာရှိဝန္တာမိဖို့အရေး
နှပ်ချေး ကျသည်ထိတောင်းပန်
ဗျောင်းဆန်အောင်ဆောင့်ကန်ချင်လျှင်လည်း
ရွှေစိတ်တော် ငြိုငြင်ပါဘူး
အော်.......ဦးယာဉ်မှူးဘ၀။ ။

(ဒါကတော့ ၂၀၀၂ ခုနှစ်လောက်ကရေးခဲ့ဖူးတဲ့ကဗျာတစ် ပုဒ်ပါသူငယ်ချင်း တချို့ကိုရည်ရွယ်၍ပေါ့....တနေ့တည်းတစ်ချိန်တည်းမှာထိုပန်းရှစ်ပွင့်ထံ အရောက်
ပို့နှံ နိုင်ခဲ့ပါတယ်....စက်ဘီးတတန်ကားတတန်ဖြင့် ကိုယ့်စရိတ်ကိုစားရင်း လိုက်လံပို့ဆောင်သူများကတော့..သောင်းဝင်းထွဋ် ၊ ဗလ ၊ဒေးဒေး နှင့်ထွန်းထွန်းဦ:ဆိုသူတို့ပင်....ထိုသူငယ်ချင်းများ online ပေါ်ရောက်လာသည်ဖြစ်စေ..တဆင့်စကားဖြင့် ဖြစ်စေ...ကျွန်တော်က သတိတရရှိနေသေးကြောင်း မှာလိုက်ချင်ပါတယ်)

..........................................................

ပြုံးခြင်းတန်ဖိုး

Photobucket

(၁) ပြုံးခြင်းသည် ဘာမျှမပင်ပန်း။ အလွန်တာသွား၏။

(၂) ပြုံးသောသူတွင် ဘာမျှလျော့မသွားဘဲနှင့် အပြုံးခံရသောသူတွင် အများကြီးရလိုက်၏။

(၃) ပြုံးခြင်းသည် လျှပ်တစ်ပြက်ခန့်ကြာသော်လည်း တစ်ခါတစ်ရံ ထိုအပြုံးကို တစ်သတ်လုံးမမေ့နိုင်။

(၄) အပြုံးနှင့်ကင်း၍ နေနိုင်လောက်အောင် ချမ်းသာကြွယ်ဝသောသူဟူ၍ မရှိ။ ထိုပြုံးခြင်း၏ အကျိုးကို မခံစားနိုင်လောက်အောင် ဆင်းရဲသူဟူ၍ လည်းမရှိ။

(၅)ပြုံးခြင်းသည် အိမ်တွင်း၌ချမ်းသာသုခကိုပေး၏။ အလုပ်ခွင်၌ မျက်နှာပွင့်လန်း၏။ မိတ်ဆွေ အချင်းချင်း၏ အထိမ်းအမှတ်ဖြစ်၏။

(၆) ပြုံးခြင်းသည် မောပန်းနေသူကို အမောပြေစေ၏။ စိတ်အားငယ်သူကို စိတ်အားတက်စေ၏။ ၀မ်းနည်းသူကို ၀မ်းသာစေ၏။ လူတို့၏ အတိဒုက္ခများကို ကုသရန်အတွက် အကောင်းဆုံး သဘာဝဓမ္မနည်း ဖြစ်၏။

(၇) သို့ရာတွင်ပြုံးခြင်းကို ၀ယ်၍သော်လည်းကောင်း၊ တောင်း၍သော်လည်းကောင်း၊ ချေးငှား၍ သော်လည်းကောင်း၊ ခိုး၍သော်လည်းကောင်း မရနိုင်။ ပေးသူကသဒ္ဓါ ကြည်ဖြူစွာ မပေးလျှင် ရသူမှာအကျိုးမထင်ချေ။

(၈) ထို့ကြောင့် ခရစ်စမတ်ပွဲအတွက် တစ်နေ့လုံးလုံး လက်မလည်အောင်ရောင်းချ နေရသော ကျွန်ုပ်တို့ ကုန်တိုက်မှ ဈေးရောင်းသမားများသည် ပင်ပန်းနွမ်းနယ်လွန်းသောကြောင့် သင်တို့ကို မပြုံးပြနိုင်လျှင် ကျွန်ုပ်တို့အား ပြုံးပြရန် သင်တို့ထံ မေတ္တာ ရပ်ခံအပ်ပါရစေ။

(၉) မပြုံးနိုင်လောက်အောင် ပင်ပန်းလျက်ရှိသောသူထက် ပြုံးခြင်းကို ပို၍အလိုရှိသောသူ မရှိပါ။

(၁ဝ) ထို့ကြောင့် သင့်ကို လူကြိုက်များလိုလျှင် ပြုံးပါ။ ။

(မှတ်ချက်။ ။ မိတ္တဗလဋီကာ ကျမ်းမှ ထုတ်နှုတ်ထာခြင်းဖြစ်ပါသည်။)
ကဲ အခုပဲပြုံးလိုက်ကြပါဗျာ........... ပြုံးလိုက်ကြစမ်းပါ။

ကျွန်တော်နှင့် ခွက်ခွက်လန်မှတ်စုများ...

မှတ်စု (၁) ကျွန်တော့်မှာ အလွန်ရီ(ရယ်) စရာကောင်းတဲ့သူငယ်ချင်း တစ်ယောက်ရှိပါတယ်။ သူ့နာမည်က ခိုင်လင်း ပါ။ သူ့ ရဲ့ ပင်ကိုယ်ပြောပုံဆိုပုံ ဟန်ပန်လေသံတွေကိုက ရီစရာကောင်းနေတာပါ။ သာမန်ကိစ္စ တစ်ခုကို သူပြောပြတဲ့ အခါရီစရာ ဖြစ်သွားတာမျိုး ရှိတတ်ပါတယ်။ (စာဖတ်သူများလည်း အဲဒီလို အပေါင်းသင်းမျိုးနဲ့ကြုံခဲ့ကြဖူးပါလိမ့်မယ်။ ) သူဟာ အင်္ဂလိပ်စာကို သာမာန်ထက် ပိုပြီးလေ့လာလိုက်စားသူလည်း ဖြစ်ပါတယ်။ အဲဒါကြောင့် သူလက်လှမ်းမှီ သလောက် စာအုပ်တွေကို ရှာဖတ်လေ့ရှိပါတယ်။ ဂျာနယ် အရောင်း ဆိုင်တွေ ရောက်တိုင်း ဘောလုံးဂျာနယ် ကိုင်ကြည့်သလိုလို၊ 7Days ပဲရှာနေသလိုလို၊ မြန်မာတိုင်းမ် ပဲဝယ်တော့ မလိုလိုနဲ့ နောက်ဆုံး ရွှေသွေး စာစောင်သာ ၀ယ်ယူလေ့ ရှိတတ်ပါတယ်။ အမြဲအဲဒီလို လုပ်တတ်တယ်။ တခါက သူနဲ့ ကျွန်တော် အင်ယားကန်နားက တံတာဖြူမှတ်တိုင်မှာ ၅၁ ဘက်စ်ကားအလာကို စောင့်ခဲ့ဖူးပါတယ်။ နေ့လည်ခင်း လိုင်းကားတွေ ကျဲပါးချိန်မို့ အတော်ကြာအောင် စောင့်ခဲ့ရတယ်။ ပထမတော့ စကားတပြောပြောနဲ့ ပြောလိုက်ရီလိုက်ပေါ့။ နောက်တော့ ပြောစရာ စကားကုန်သွားသလိုကြီးဖြစ်နေပါတယ်။ မှတ်တိုင်ထဲမှာ ကျွန်တော်တို့ နှစ်ယောက်တည်း လည်းဟုတ်ပါဘူး။ တဖက်အစွန်ကျကျမှာ ကောင်မလေးတစ်ယောက်လည်း ရှိတယ် ။ နောက်ပီး မှတ်တိုင် ဒေါင့်နားဆီ မှာ ခွေးတစ်ကောင်လည်းရှိတယ်။ ကြာလာတော့ သူ ကျွန်တော့်ဘေးကနေ မပြောမဆိုနဲ့ထ. သွားတယ်။ ဟိုကောင်မလေးကို တခုခု သွားနောက်လိမ့်မယ်ထင်တာ…..။ မဟုတ်ဘူးဗျာ..။ ခွေခွေလေး အိပ်နေတဲ့ ခွေးကြီးနားကိုရောက်သွားတယ်။ ပီးတော့ …….. အဲဒီ့ခွေးကြီးကို သေသေချာချာငုံ့ကြည့်ပြီး…….
“အကိုကြီး နေကောင်းလား …. ဘက်စ်ကားစောင့်နေတာလား ……’’ တဲ့။ “ဟာဘာကောင်လဲ ဟ’’
လို့ကျွန်တော် စိတ်ထဲမှာတွေးမိတယ်။ သူလုပ်လိုက်ပုံကိုကြည့်ပီးတော့ ရီလည်းရီမိတယ်။ ခွေးကြီးက အသိအမှတ်ပြုသလို တချက်မော့ကြည့်ပီး သူ့ဟာသူ ပြန်နှပ်နေတယ်။ အားလုံးကို မြင်လိုက်ကြားလိုက်ရတဲ့ ကောင်မလေးကတော့ ခေါင်းလေးငုံ့ စာအုပ်လေးကွယ်ရင်း တခိခိနဲ့ ရီနေတယ်။ နောက် သူပြန်လှည့်လာတယ် ကောင်မလေးရဲ့ရှေ့ရောက်တော့ ရပ်လိုက်တယ်…… ကောင်မလေးကို ဘလိုင်းကြီး ပြုံးပြလိုက်တယ်…….. ပြီးတော့

“အစ်မ လေး ….. ရော နေကောင်းလား ကားစောင့်နေတာပဲလား……”
“ဟာ ဟေ့ကောင်……. ကွိုင်ပဲ”

စောစောက ရယ်မောနေတဲ့ ကောင်မလေးရဲ့ အမူအရာတွေ ချက်ချင်းကြီး ပြောင်းလဲသွားတယ်လေ။ ကျွန်တော် ထ.အော်လိုက်မိတယ်။ ရီလည်းရီချင်တယ်။ အားလည်းနာတယ်။အဲဒီလိုနဲ့ ကျွန်တော်နှစ်ယောက် လှည်းတန်းဖက်သို့်လမ်းလျှောက်ပြန် ခဲ့ကြတယ်။

မှတ်စု (၂) ဒီတစ်ခါတော့ ဒဿမတန်း နှစ်က စတင်ရင်းနှီး ခဲ့ရတဲ့ သူငယ်ချင်းတစ်ယောက် အကြောင်းပြန်လည် ဖောက်သည်ချ ပြောပြချင်ပါတယ်။ ကျောင်းစတက်တဲ့ ပထမအပါတ် ထဲမှာ အခန်းထဲက ကျောင်း သူတစ်ယောက် ၁၅ ကျပ်တန်တစ်ရွက်ကောက်ရလို့ ဆရာမဆီ အပ်လိုက်ပါတယ်။ ဆရာမ ကြီးကလည်း ထုံးစံအတိုင်း ဘယ်သူပျောက်သလဲ၊ ဘာလဲပေါ့လေ မေးတယ်။ အထပ်ထပ် အခါမေးပေမယ့် ဘယ်သူမှ မထ. ပါဘူး ။ နောက်တော့ မှ အခန်းဒေါင့် နောက်ဆုံး အတန်းမှာထိုင်နေတဲ့ ကျောင်းသား တစ်ယောက် မတ်တပ်ထ. ရပ်တယ်။ သူ့နာမည်က အောင်အောင်ပါ။
“ ကျွန်တော့် ပိုက်ဆံပါဆရာမ”
“အော သားကလည်း စောစောက ပြောရောပေါ့ …… ဒါနဲ့ သားပိုက်ဆံမှာ ဘာအမှတ်သားပါလဲသိလား”
“၁၅ ကျပ်တန် အစိမ်းရောင်လေးပါ ဆရာမ”
တစ်တန်းလုံး ၀ိုင်းရယ်ကြတယ်။ သူကတော့ ခပ်တည်တည်ပါပဲ။ ( တစ်ကယ်တော့ သူ့ပိုက်ဆံလည်း မဟုတ်ပါဘူး) ။ အဲဒီနောက် သူနဲ့ကျွန်တော် စတင် အပေါင်းအသင်း ဖြစ်သွားတယ်။ နောက်ပိုင်း သူ့ရဲ့စရိုက်တွေ သိသိသာသာ ပေါ်လွင်လာပါတော့တယ်။တခန်းလုံးက အခန်းဖေါ် တွေဟာ သူနဲ့စကားနိုင် လုပြောဖို့ မလွယ်ပါဘူး။ တချို့ဆိုရင် သူပေးလိုက်တဲ့ နာမည်နဲ့ ယနေ့အထိ ခေါ်တွင်နေကြလေရဲ့။ သူကြောက်ရတဲ့ ဆရာမ တစ်ယောက်သာရှိပါတယ်။ သင်္ချာသင်တဲ့ ဆရာမ ဒေါ်စန်းနွဲ့ ပါ။ ဆရာမကလည်း သူ့ကိုပဲ ဦးစားပေး မေးလေ့ရှိပါတယ်။ သူပဲအမြဲ အပြစ်ပေးခံရတတ်တယ်။ ဆရာမ အပြစ်ပေး ပုံကလည်း နဲနဲတော့ ဆန်းတယ်။ လက်သီးကို အဆင်ပြေသလောက် ဆုပ်ပီး ကျောင်းသားရဲ့ မျက်နှာရှေ့ကို ဆန့်တန်းတယ်။ အဲဒါကို အပြစ်ပေးခံရ သူက နဖူးနဲ့တိုက်ရတယ်။ ထိချက်ပျော့တယ်ထင်ရင်အကြိမ်ကြိမ်တိုက်ခိုင်းတတ်ပါ တယ်။ သူမကြာခဏ ခံရတတ်ပါတယ်။ပျော်ပျော်နေတတ်တဲ့ သူငယ်ချင်းတွေ အားလုံး သူနဲ့အပေါင်းအသင်း ဖြစ်သွားပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ အဖွဲ့ဟာ တွေ့ဆုံနေကြတဲ့ အချိန်တိုင်း အမြဲတမ်းဆိုသလို ပျော်ရွှင်ရယ်မောနေရ တတ်တယ်။(ရေးရင်းနဲ့တောင်လွမ်းလာပီ)။
စာသင်ချိန်တွေ မှာတောင် ကျောင်းနံရံကျော်ပီး လ္ဘက်ရည် ဆိုင်သွားထိုင်တတ်တဲ့ အကျင့်လည်းရှိတယ်။ နောက်ဆုံး ကျောင်းအုပ်ကြီးရုံးခန်းတောင် ရောက်ခဲ့တယ်။ သူလေဆရာကြီးကို အစာအိမ်ရှိလို့ ပါလို့ပြောလာခဲ့တယ်။ သူပြောမှ ကျွန်တော်တို့ မှာလည်း အစာအိမ်ရှိမှန်း သတိရမိတော့တယ်။ တစ်နေ့ ကျွန်တော်တို့ အခန်းထဲက သူငယ်ချင်းတစ်ယောက် နာရေးရှိလို့ ကျောင်းပျက်ပါတယ်။ ဆရာမက နာမည်စာရင်း စစ်ပြီးချိန်ရောက်တော့
“ဇေယျာလင်း ဘာလို့ကျောင်းမတက်တာလဲ ခွင့်လည်းမတိုင်ဘူးဟု”
အားလုံးကို ခြုံငုံပီးမေးလိုက်ပါတယ်။ အဲဒီတော့ မှ အောင်အောင် ကပြာကယာ ထ.ပီး …
“ကျွန်တော် နဲ့လမ်းမှာတွေ့ခဲ့တယ် ဆရာမ သူ့ဦးလေးရဲ့ ယောက္ဖ ဆုံးလို့ဆိုလား အဲဒါဆရာမကို ခွင့်တိုင်ခိုင်းလိုက်တာ ကျွန်တော် မေ့သွားလို့ပါ။ ”
ဒီကိစ္စဒီ မှာတင်ပီးပီ အောက်မေ့လိုက်တာပါ။ နောက်တစ်နေ့ သူက ကျောင်းမတက်ဖူးစာတစ်စောင်သာ ကျွန်တော်တို့ထံ လူကြုံပါးလိုက်တယ်။ နံနက်ပိုင်း နှစ်ချိန်လောက်ပီးတောမှ့ အတန်းပိုင်ဆရာမကလည်း ဘယ်က သတင်းကြားလာမှန်းမသိဘူး။ အတန်းထဲကို အလောတကြီးရောက်လာပီး အောင်အောင် ဘယ်မှာလဲလို့ လာမေးတယ်။ ကျွန်တော်တို့ ကလည်း သိခဲ့ပီ်းပီမို့ ……. ဘာမှပြန်မပြောပဲ ငြိမ်နေလိုက်ကြတယ်။
“ဒီကောင် နောက်စရာ မဟုတ်တာကို နောက်တယ်…… ဘယ့်နှယ့် သူ့အဖေဆုံးတယ်လို့ တိုက်ရိုက်ပြောလည်း ရတဲ့ကိစ္စ …… ဘာလို့ သူဦးလေးရဲ့ ယောက္ဖ လို့ကွေ့ပြောသွားရတာလဲနာရေးမို့လို့ သူပြောတာငါယုံလိုက်မိတာ…….. လာပေ့စေအုံးဒီကောင် … ကဲ ကဲ အားလုံး ထမင်းစားပီး ရင် အသုဘ ပို့သွားမယ်လိုက်နိုင်တဲ့သူလိုက်ခဲ့ ကြ…စားပီးကျောင်းကို စောစော ပြန်လာခဲ့ကြ”

အသုဘ အိမ်ရောက်တော့ …အောင်အောင့်ကို . လူကြီးတွေကြား မှာအပြင်အဆင်တချို့ ၀ိုင်းလုပ်ပေးနေတာကိုတွေ့ရတယ်။ ကျွန်တော်တို့ ကတော့ ထုံးစံအတိုင်း ကပ်တိုးလေး သာ တစ်ယောက်တစ်လှည့် ဆဲလိုက်ကြတယ်။

Gmail ကနေဗီဒီယို သီချင်းလေးတွေ ပို့ကြမယ်..

3gp ( format )ပြောင်း၍ပေးပို့ခြင်းဖြစ်သည်။ဘာရယ်ညာရယ်တော့ဟုတ်ပါဘူး…။ အသုံးဝင်ကြမလားလို့ပါ။လွယ်လည်း လွယ်တယ်လေ..။ ဒါပေမယ့် တစ်ခုတော့ Install လုပ်ရမယ်ဗျို့..။အဲဒါကတော့ Total Video Converter ပါ.။ တော်တော်လေး အသုံးဝင်ပါတယ်။ VCD သီချင်းလေးများကို MP3 ပြောင်းတာ ဘာညာပေါ့လေ..။ အသုံးလိုတဲ့ သူများအတွက်အသုံးတည့်စရာတွေ များစွာပါ ပါတယ်။ တခြား Hosting site တွေမှာ upload တင်ပြီးပို့နိုင်တယ် ဆိုပေမယ့် အချိန်အခက်အခဲ။ Connecting အခက်အခဲကြောင့် ဒေါင်းရတာလည်း အဆင်မပြေပါဘူး။ အဲဒါကြောင့် ဒီနည်းလေးနဲ့ စဉ်းစားမိလိုက်တာပါ။ စိတ်ဝင်စားရင်တော့ .. ..ဒီနေရာမှာ ဒေါင်းလိုက်ပါ။
စကားမစပ်…… ကျွန်တော့်တုန်းကဆိုရင် VCD သီချင်းလေးတွေကို Mp3 ပြောင်းချင်တာအဆင်မပြေခဲ့ဘူး။ ပြောင်းလို့ရမှန်းလည်း သိတယ်။ ဘာConverter မှလည်း မရှိတော့ ဘယ်လိုလုပ်ရ မှန်းမသိဖြစ်ခဲ့ရတယ်။အဲဒါနဲ့ ရဲလေး (အဆိုတော် မဟုတ်ပါ)ဆိုတဲ့ ကျွန်တော့်သူငယ်ချင်း ဆီလှမ်းအကူအညီတောင်းရတယ်။( သူကကိုယ့်ထက် ဆရာကြတယ်လေ) ။ သူငယ်ချင်းရေ ငါတော့ ….ဒါလေးကို ဒီလိုပြောင်းချင်လို့ကွာ…. ဘာညာပေါ့လေ… ( ဘာညာတွေ များနေပီထင်တယ်)။ သူကပြန်ပြောရှာပါတယ်။ မင်းကလည်း ဒါလေးတောင်မသိဘူးလားတဲ့…..။ (ဟုတ် … မသိလို့ မေးတဲ့ဟာပဲနော်။)အဲဒါနဲ့ သူပြောများပြောမလားလို့ မျှော်လိုက်ရတာ..။ နောက်ဆုံးတော့ မင်းကဒါလေးတောင် မသိဘူးလား ဆိုတာနဲ့ပဲ ဇာတ်သိမ်းသွားပါတယ်။ စိတ်မရှိကြပါနဲ့ အတင်းပြောတာမဟုတ်ပါဘူး….. လူဆုံတုန်းလေး ရှင်းပြတာပါ။
(၁) ပထမဆုံး ယာဘက်အချမ်းမှာ ပုံနှင့်တကွပေးထားတဲ့ Total Video Converter ကိုကလစ်ပေးပြီး Download ချလိုက်ပါ။ ဖိုင်ဆိုဒ်ကတော့ 7.24 MB (new Version ပါ)။
(၂)ပြီးလျှင် ရလာသော Zip ဖိုင်လေးကို ဖြည်လိုက်ပါ။ ထိုမှ tvc new setup အား Double click ၍ Install လုပ်လိုက်ပါ။ထို့နောက် အောက်ပါပုံအတိုင်း Desktop ပေါ်၌ Icon လေးနှစ်ခု မြင်ရပါလိမ်မည်။Photobucket
(၃) ပေးပို့လိုတဲ့ ဗီစီဒီ သီချင်း တစ်ပုဒ်လောက် စမ်းကြည့်လိုက်မယ်လေ။Total Video Converter ကိုဖွင့်လိုက်ပါ။ ထို့နောက် New Task >> Import Media Files ကိုရွေးလိုက်ပါ။Photobucket
(၄) မိမိ ပြောင်းလိုသော ဗီဒီယို သီချင်းဖိုင်အား ရွေးထည့်လိုက်ပါ။ထို့နောက် Video file ကိုကလစ်ပါ။ ထိုမှ 3gp ဆိုသည်ကို ထပ်ရွေးလိုက်ပါ။ အောက်ပါအတိုင်းတွေ့ရပါလိမ့်မယ်။
Photobucket
(၅) ထို 3gp အားရွေးပြီးပါက Advanced ( button ) အားကလစ်ပါ။ အောက်ပါအတိုင်း Easy Mode ( button )သို့ ပြောင်းလဲ၍ Setting အပိုင်းကျလာမည်ဖြစ်သည်။ ထိုမှ quality ပိုင်းရွေးချယ်နိုင်သည်။ထို့အပြင် မြှားပြထားသော Output ( button )လေးအားကလစ်ပေး၍ မိမိ ပြောင်းလဲပီးဖိုင် သိမ်းရန် နေရာရွေးရမည်ဖြစ်သည်။(ထိုသို့ ရွေးမထားပါက ပြောင်းလဲပီး ဖိုင်သည် Program Files များရှိရာ C ထဲသို့ရောက်သွားနိုင်ပါသည်)။
Photobucket
(၆)ပြီးလျှင် Convert Now ကိုကလစ်လိုက်လျှင် အောက်ပါပုံအတိုင်းပြောင်းလဲပေးပါလိမ့်မယ်။
Photobucket
(၇) အဲဒါပြီးရင်တော့ အိုကေသွားပါပီ။ ကျွန်တော် ရှင်းပြရင်း ပြောင်းလိုက်တဲ့ ဗီဒီယိုဖိုင်ကတော့ စာနာမှုနဲ့ဖေးကူပါ ဆိုတဲ့ သီချင်းဖိုင်ပါ။ သူ့ရဲ့ ဆိုဒ်ကိုတော့ အောက်က ပုံအတိုင်း နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။Photobucket
ဒါဆိုရင်တော့ mp3 သီချင်း တစ်ပုဒ်လောက်သာရှိပါတော့တယ်။ အဲဒါဆိုတော့ ဂျီမေးလ် ကနေပို့လို့ရပီပေါ့။ အဲ…. လက္ခံမဲ့သူဆီံမှာလည်း ဒီ converter လေးတစ်ခုတော့ ရှိမှဖြစ်မှာပါ။ Player ပါ တပါတည်းပါတော့ ပိုအဆင်ပြေပါတယ်။ လက္ခံတဲ့သူအနေနဲ့ တိုက်ရိုက် 3gp အနေနဲ့လည်း ကြည့်နိုင်သလို …..ကြည့်ရတာ အဆင်ပြေအောင် … WMV ဒါမှမဟုတ် Mpeg အစရှိတဲ့ ဗီဒီယို ဖိုင်များသို့ ပြန်ပြောင်းကြည့်နိုင်ပါတယ်။ ဒါဆိုရင် မူရင်း Quality နဲ့ ပြန်ကြည့်လို့ရမှာပါ။
တစ်ခုတော့ အသိပေးလိုက်ပါအုံးမယ်။ ပထမဆုံး ဖိုင်ပြောင်းတဲ့ အချိန်မှာ အောက်က ပုံလေးအတိုင်း ပေါ်လာတတ်ပါတယ်။ စိတ်မပျက်ပါနဲ့ သူ့ကို နောက်တစ်ခါ မပေါ်အောင်လုပ်လိုက်မယ်လေ။ အရင်ဆုံး ဒေါင်းလော့ ချတုန်းက tvc new setup နဲ့အတူ ပါလာတဲ့ .txt ဖိုင်မြင်ခဲ့တယ် ဟုတ်။အဲဒီထဲက Code တွေကို ကော်ပီယူလာပီး အောက်က အနီကွင်းထားတဲ့အထဲထည့်ပီး အိုကေလိုက်ပါ။နောက်တစ်ခါမလာတော့ပါဘူး။ ဒီလိုလုပ်မထားရင် ၁၅ ရက်ကျော်တာနဲ့ ဂန့်သွားရော။ အလယ်ကား ဟုတ်ဖူး အဲဒါ…… ၀ယ်ထားတာ။ တန်အောင်လို့ တမျိုးလုံး တစ်ဆွေလုံး သုံးခိုင်းတာ။ ပြီးရော။ ။
Photobucket
ဒီအကြောင်းအရာလေးနဲ့ ပတ်သတ်ပြီး တစ်ခုခု အဆင်မပြေခဲ့လျှင် ကျွန်တော့် မေးလ်သို့ ဆက်သွယ်နိုင်ပါသည်။ မဆဲလျင်ပင် ကျေနပ်၏။

မှတ်ချက်။ ။ ကျွန်တော်သည် ပညာရှင်တစ်ယောက်မဟုတ်ပါ။ ဆရာကြီးမဟုတ်ပါ။ ဆရာလေးလည်း မဟုတ်ပါ။ ဘာလဲ ဆိုတာတောင်ကိုယ့်ကိုယ်ကို မသိပါ။ ထို့ကြောင့် ခပ်ညံ့ညံ့ကောင်သာ ဖြစ်ပါလိမ့်မည်။

Gmail မှ offline ဖြင့်chat သူများ…

အားလုံးလဲ သိထားပီးသားဖြစ်မှာပါ။ ဒီလို chat နည်းလေးကို… ဟိုအရင်တုန်းက ဘလော့တစ်ခုမှာ ဖတ်ခဲ့ဖူးပါတယ်။ ကျွန်တော် ချက်ကြီးမဟုတ်ပါ ဟုအစချီပြီးရေးထားတဲ့ ချက်ကလေး တာယာရဲ့ ဘလော့မှာပါ။ အခုလိုထပ်ရေးလိုက်တာကတော့ မသိသေး သူများအတွက် အတွက်ရည်ရွယ်ပါတယ်။နောက်ပီး ဆောင်ရန် ရှောင်ရန်လေးပေါ့။

(၁) Gtalk box ကို အရင် sing out လုပ်လိုက်ပါ။ ပြီးလျင် Gmail Inbox ကိုသွားလိုက်ပါ။ အဲဒီမှာ Set status here ကိုမြင်ပါလိမ့်မယ်။ အဲဒီ့ ဘေးမှ Down arrow လေးကိုကလစ်လိုက်ပါ။ ထိုမှ Invisible ကိုရွေးလိုက်ရင်ကိုယ်က Offline ဖြစ်သွားပြီး တဖက်က Online တွေကို မြင်နေရမှာဖြစ်ပါတယ်။ ဒါပါပဲ…….. အောက်ကပုံအတိုင်းပေါ့။
Photobucket

(၂) ခက်တာက ရိုးရိုး Internet Explorer မှာ အဲဒိ Invisible ဆိုတာကို ရှာမရခြင်းပါပဲ။ ဘယ်ရမလဲ ပါမှ မပါတာကိုး… :P  Mozilla Firefox ဒါမှမဟုတ် Internet Explorer 7 တို့မှာတော့ ရှာတွေ့နိုင်ပါတယ်။ ( လိုအပ်ခဲ့ရင်တော ဒါက IE 7 ......
ဟောဒါက Fire Fox 3.0.1 ဒေါင်လိုက်တော့ဗျို့ )
(၃) Offline နဲ့ ချက်နေသူတွေကို ဘယ်လိုသိနိုင်မလဲ..။ စမ်းကြည့်လိုက်မယ်။ ပထမဆုံး Gtalk ကို sing in လုပ်လိုက်ပါ။ ပြီးနောက် မိမိ မသင်္ကာသူကို chat box ထုတ်လိုက်ပါ။ပြီးလျှင် ထို box ၏ယာဘက်အစွန်မှ Down Arrow လေးကို ကလစ်၍ Go off the recordကိုရွေးလိုက်ပါ။ အောက်ကပုံ အတိုင်းမြင်ရပါလိမ့်မယ်……။
Photobucket


(၄)အဲဒါဆိုရင် ဖမ်းလို့ရပါပီ………. တစ်ခုခု လှမ်းချက်လိုက်ကြည့်လိုက်။

Photobucket


(၅) အထက်ကပုံအတိုင်း အနီရောင်စာလုံးလေးများ ( ……..@gmail.com is offline and can’t receive…ဘာညာကွိကွတွေပေါ်လာရင်တော့ သူအမှန်တကယ် အွန်လိုင်းမှာမရှိပါဘူး။ (၆) အဲ….. အောက်ကပုံအတိုင်း မြင်ရင်တော့ မိမိရဲ့ (……@gmail.com ) ဟာအွန်လိုင်းမှာ ရှိနေပါပီ။ တွေ့ကြပီပေါ့….။
Photobucket

(၇) အခုပြောချင်တာကတော့ အဓိကကြ လိမ့်မယ်ထင်ပါတယ်။ သတိထားစရာလေးပေါ့….။မိမိစမ်းသတ်လို့ အွန်လိုင်း ၊အော့ဖ်လိုင်း အဖြေသိရပီဆိုရင်တော့ စောစောက Go off the record လုပ်ထားတာလေးကို………..
Photobucket


Stop chatting off the record ပြန်လုပ်ဖို့မမေ့ပါနဲ့။ ဘာလို့လဲ ဆိုတော့ အဲဒီအတိုင်းထားလိုက်ရင် တဖက်လူက Gtalk ကနေ Offline massage ပို့ခဲ့မိရင်ပဲဖြစ်ဖြစ်၊ကိုယ်ကပို့ရင်ပဲဖြစ်ဖြစ် မရောက်တော့ပါဘူး။ ဘယ်နေရာကျကျန်ခဲ့တယ်ဆိုတာ လည်းမသိရတော့ပါဘူး…။ ဒီအမှုက ပိုကြီးသွားနိုင်ပါတယ်။ သတိထားလိုက်ပေါ့။
မှတ်ချက်။ ။အားလုံးအဆင်ပြေနိုင်ကြပါစေ။

Gmail တစ်ခုထက်ပို၍ သုံးသူများ..........

တချို့သူငယ်ချင်းတွေ Gmail ကိုတစ်ခုထက်ပိုပီး သုံးကြပါတယ်။ ဥပမာ ။ ။ ကျွန်တော် ဆိုပါတော့။( အဟီး…… အလယ်ကားရတာကိုး)။ ဒါပေမယ့် အားလုံးကိုလည်း အမြဲဖွင့်မစစ်နိုင်ကြပါဘူး။အဲဒီတော့ တစ်နေရာတည်းကနေ ဒီလိုလေးလုပ်ပီး စစ်ကြပါတယ်။ အမြဲအသုံးပြုတဲ့မေးတစ်ခုတော့ ရှိမှာပေါ့။ ( သိပြီးသူများ ကျော်သွားပါလေ..)

(၁) မိမိ အမြဲအသုံးမပြုသော မေးကို ဖွင့်ပါ။ ထို့နောက် setting သွားပါ။ ထိုမှထက်၍ Forwarding and POP/IMAP ဆိုတာကို ထပ်သွားပါ။

(၂) ရောက်ပီလား… ရောက်ရင် Forward a copy of incoming mail to ဆိုတာကို check လုပ်လိုက်ပါ။

(၃) သူ့ရဲ့အောက်မှ email address ဆိုသောနေရာ၌ မိမိအသုံးပြုမည့် အီးမေးလ် လိပ်စာရိုက်ထည့်လိုက်ပါ။အောက်က ပုံအတိုင်းမြင်ရပါမည်….။





(၄) ပြီးလျင် အောက်ဆုံးသို့ သွား၍ save change ဆိုတာကို ကလစ်လိုက်ပါ။မိမိအမြဲအသုံး မပြုလိုသောမေးလ် သို့အသစ်တစ်စောင် ရောက်တိုင်း ထိုမှတဆင့် အမြဲအသုံးပြုလိုသောမေးလ်သို့ပါ ရောက်လာမည်ဖြစ်သည်။ပြီးပါပြီ။
မှတ်ချက်။ ။ အမြဲအသုံးမပြုလိုသော မေးလ်၌ သာပြုလုပ်ရမည်ဖြစ်သည်။

Gtalk ကပုံလေးတွေ သိမ်းထားရအောင်

တချို့ကတော့ Paint ကနေတဆင့် ယူကြပါတယ်။ ကျွန်တော်ကတော့ ဒီနည်းလေးနဲ့ယူသိမ်းတတ်ပါတယ်။

(၁)ပထမဆုံး ကိုနှစ်သက်တဲ့ Gtalk ကအခြားတစ်ယောက်ရဲ့ ပုံလေးကို R click ပေး၍ Set as my picture ဖြင့်ယူလိုက်ပါ။




(၂) ထို့နောက် Gmail Inbox ထဲမှ Setting သို့သွားလိုက်ပါ။ ထိုမှ My Picture ဆိုသော နေရာတွင် မိမိကူးယူထားသော ပုံလေးပေါ်နေပါလိမ့်မယ်။ ထိုပုံလေးအား R click >>Save Image As….. (or) Save picture As…. ဖြင့် မိမိ၏စက်ထဲတွင်သိမ်းနိုင်ပါသည်။



မှတ်ချက်။ ။ ပျော်ရွှင်နိုင်ကြပါစေ။

Folder လေးတွေဖျောက်ကြည့်မယ်...

ဘာရယ်တော့ မဟုတ်ပါဘူး.. အပျော်ပေါ့။ အသုံးတည့်ရင်လည်း တည့်မှာပေါ့။လွယ်ပါတယ်….. ဒီလိုလေး……(၁) မိမိဖျောက်လိုသော ဖိုလ်ဒါအား Rclick ပေး၍ … rename ကိုရွေးပါ။ ထို့နောက် Alt- key လေးအား နှိပ်လျက် 0160 ဆိုသော ဂဏန်းလေး များအားရိုက်လိုက်ပါ။ ဖိုလ်ဒါအမည်လေး ပျောက်သွားပါလိမ့်မယ်။(၂) ထို့နောက် ဖိုလ်ဒါလေးအား R click ထပ်ပေး၍ properties ကိုရွေးပါ။ ထိုမှ Customize ကိုထပ်ရွေးပါ။အောက်ပုံအတိုင်း မြင်ရမည် ။




(၃) ပီးလျင် အောက်နားဆီမှ Change Icon ကိုကလစ်ပါ။ ထိုမှ blank Icon တစ်ခုကို ရှာလိုက်ပါ။ ( ဘာမှ မရှိသောနေရာဖြစ်သည်..) ။ ထိုဘာမှမရှိသောနေရာသို့ ကလစ်၍ Ok>> Apply>>ok လုပ်လိုက်ပါ။အောက်ပါပုံ အတိုင်းဖြစ်၏


ပြီးပါပြီ။ ။
မှတ်ချက်။ ။ Folder အားဖွင့်လိုလျင်။ ဖျောက်ထားသောနေရာ သို့ R- click >> open ဖြင့်ဖွင့်နိုင်သလို..။ ပြန်ပေါ်စေလိုလျင် လာရာလမ်းအတိုင်း ပြန်သွားနိုင်ပါသည်။

ရည်းစားစာ

Photobucket
အင်တာနတ်ပေါ်မှာပဲ ချစ်နေရုံနဲ့တော့
ငါ့ဘ၀ အချိန်ကုန်သွားတာပဲအဖတ်တင်ပါလိမ့်မယ်။

နေကောင်းလားလို့ မေးတိုင်း
အော့ဖ်လိုင်း ဖြစ်သွားတာမြင်ရင်
နင့်ကိုငါ မခေါ်ချင်ဘူး။

နင့်သူငယ်ချင်းတွေ ဖတ်ဖို့ရေးတာ မဟုတ်လို့
သူငယ်ချင်းလေး နင်ကိုယ်တိုင် ဖတ်စေချင်တာ ငါ့စေတနာပါ။

နင့် နှလုံးသားကို နင်ဖုန်းခေါ်ပါ၊

ပြီးမှ ငါ့ဆီ မေးလ်ပြန်ပို့လိုက်ပေါ့။ ။

ကျေးဇူး

www.juwathan.blogspot.com မှ www.juwathan.co.cc အဖြစ်သို့ ဒိုမိန်းပြောင်းလဲရန်နှင့်အခြားသော အကူအညီများပေးခဲ့သော တာယာ ( မြန်မာအင်ဂျီနီယာ ဖိုရမ် ) အား အထူးကျေးဇူးတင်ပါ၏။

ဘာမှမရှိတော့ခြင်း အကြောင်း....

အသစ်တွေ မရှိပါ
အဟောင်းတွေလည်း မရှိတော့ပါ။
ဘာမှမရှိခြင်းသည် ကား တစ်ခုခုကိုထည့်ရန်အတွက် အသင့်ဖြစ်နေ၏။
ကျွန်တော် လျှောက်ခဲ့သည်။
မုတ်သုံ ဘယ်နှစ်ရာသီရောက် ရောက်
ကိုယ့်လမ်း ကိုယ်ဖောက်ရင်းလျှောက်ခဲ့သည်။
သို့သော် ဂျိုင်းထောက် မပါခြင်းကြောင့်
အခါခါ လဲပြိုကျခဲ့၏။
........အပြာရောင်မိုးစက် မိုးပေါက်တို့ အောက်၌
ကောင်မလေးတစ်ယောက် ကျွန်တော့်ကို
သတိရချင် ရနေလိမ့်မည်.....
ရချင်မှလည်းရပါလိမ့်မည်.....
သို့သော်..... ဘုံအဆင့်ဆင့်မှာ မြင့်သည်ထက်မြင့်ဘို့
သူ့အတွက် ကျွန်တော်ဆုတောင်းပေးခဲ့သည်။
ကျွန်တော် တောင်းတသည်....
ကျွန်တော် ကမ်းလင့်သည်.....
(ဂျိုင်းထောက်တော့ မဟုတ်)
နူးညံ့သော လက်တစ်စုံဖြစ်၏။
''တနေ့နေ့ ''ကျွန်တော် ပြန်လာခဲ့ပါမည်....
သို့သော် ထို''တနေ့နေ့''သည် ကျွန်တော့ထံသို့ပြန်လာဘို့လိုသည်။
အခုတော့ ဘာမှမရှိတဲ့အတိုင်းထားလိုက်ပါမည်။
ဘာမှမရှိသော နေရာ၌တစ်ခုတော့ ရှိပါလိမ့်မည်......
ထိုအရာသည် “လိုအပ်ချက်” ဖြစ်၏။ ။